အမှားကို မကြောက်သော ကလေးပိုထူးချွန်
ကိုထိုက်
အသစ်ကို သင်ယူခြင်းသည် အမှားနှင့် ကျိန်းသေပေါက် ကြုံရမည့် ကိစ္စဖြစ်သည်။ ကလေးကို ငယ်ကတည်းက အမှားဆို ဘာတစ်ခုမှ မဖြစ်စေနဲ့၊ စာမေးပွဲဆိုတာ ဖြေလိုက်ရင် တစ်လုံးမှ မမှားဘဲ အမှတ်တစ်ရာ အပြည့်ရရမည့် နေရာဟု ဖိတွန်းထားသော မိဘများ၏ သားသမီးများသည် နုနယ်သောစိတ်တွင် အမှားကိုဆို အလိုလို ကြောက်တတ်သည့်စိတ်က စွဲနေတော့သည်။ ထိုစိတ်စွဲကြောင့် ကလေးများသည် ကျောင်းစာမှာသာမက လက်တွေ့ဘဝမှာပါ အမှားဖြစ်မှာ ကြောက်သောစိတ်ကြောင့် အသစ်ကိုဆို မစမ်းသပ်ရဲအောင်ဖြစ်ကာ လမ်းသစ်ထွင်သူ မဖြစ်တော့ပဲ သူများနောက်က ကပ်လိုက်တတ်သူ လူ့နောက်လိုက်ကလေးများသာ ဖြစ်ကုန်တော့သည်။ မိဘ၏ ဖိတွန်းမှုကြောင့် ကျောင်းတွင် အမှတ်ကောင်းကောင်း ရချင်ရမည် ဖြစ်သော်လည်း လက်တွေ့ လောကကျောင်းတော်ကြီးတွင်ကား မှားမှာ ကြောက်သောစိတ်၏ နှောင့်ယှက်မှုကြောင့် ဦးဆောင်ဆန်းသစ်သူမျိုး ဖြစ်မလာတော့ဘဲ မရဲတရဲနှင့် သူများနောက်လိုက် လေးများသာ ဖြစ်လာတတ်ကြရာ မိဘများ၏ ပျိုးထောင်သင်ကြားမှုက ကလေးများအပေါ် မည်မျှ ဆိုးကျိုး သက်ရောက်နိုင်ကြောင်း မြင်နိုင်သည်။
လက်တွေ့ လေ့လာသုတေသန ပြုထားချက်များအရလည်း အမှားအယွင်းလုပ်မိခြင်း၊ ကျရှုံးခြင်းများသည် လေ့လာသင်ယူခြင်းဖြစ်စဉ်တွင် လူတိုင်းကြုံရမည့် ကိစ္စများဖြစ်ကြောင်း၊ မှားမှာ ကျရှုံးမှာကို ကြောက်စရာမလိုကြောင်း သွန်သင်ဆုံးမခံထားရသော ကလေးများသည် ပညာရေးသာမက ဘက်စုံတွင်ပါ အခြားကလေးများထက် ပိုတော်နေသည်ကို တွေ့ရသည်။ အမှားလုပ်ခြင်းသည် လုံးဝ ခွင့်မလွှတ်နိုင်သော ကိစ္စတစ်ရပ်ဟု သွန်သင်ခံထားရသော ကလေးများကား အမှားလုပ်မိမှာ ကြောက်သောစိတ်၏ ဖိစီးမှုကြောင့် ဘာကိုမှ တိုးတက်အောင် မလုပ်ရဲတော့ဘဲ သူများနောက်လိုက်လေးများ ဖြစ်ကုန်တတ်ကြကြောင်းလည်း လက်တွေ့ သုတေသနစစ်တမ်းများအရ သိရသည်။
‘အမှားလုပ်မိတယ်ဆိုတာ အသုံးမကျလို့ပေါ့ဆိုတဲ့ အတွေးအခေါ်ဟာ ကလေးတွေကိုသာမက လူကြီးတွေကိုပါ တိုးတက်ရေးလမ်းကြောင်း ပိတ်စေတဲ့ စကားတစ်ရပ်ပါပဲ’ ဟု လေ့လာမှုစစ်တမ်းကို ဦးဆောင်ပြုလုပ်ခဲ့သည့် ပြင်သစ်နိုင်ငံ ပေါ်တီယာ တက္ကသိုလ်မှ သုတေသနပညာရှင် ဖရက်ဒရစ် အော်တင်က မှတ်ချက်ပေးသည်။
‘တစ်ကြိမ်တည်းနဲ့ အောင်မြင်အောင် လုပ်ဖို့လောက်ကိုသာ ကလေးတွေ စိတ်ထဲ စွဲနေတော့ မှားနိုင်ခြေ ရှိတာမျိုးလောက်ကိုတောင် စမ်းပြီး ကြိုးစားကြည့်ဖို့ မရဲတော့ဘဲ သူများလုပ်ပြီးသားထဲက ကျိန်းသေပေါက် မှန်နိုင်တာတွေ နောက်ကို လိုက်ကုန်ကြပါတယ်၊ ဒါဟာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို အကြီးမားဆုံး ရိုက်ချိုးလိုက်တာပါပဲ’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။
‘အမှားလုပ်မိမှာ ကြောက်တဲ့စိတ်ကြောင့် လူကမတိုးတက်၊ လူကမတိုးတက်တော့ မှားမှာ ပိုကြောက်နဲ့ အဆိုးသံသရာ လည်သွားတတ်ပါတယ်၊ အမှားဆိုတာ သင်ယူခြင်း လမ်းကြောင်းမှာ မဖြစ်မနေ ကျော်ဖြတ်ရမယ့် လမ်းပိုင်းပဲလို့ ကလေးတွေ သိအောင် သွန်သင်ပေးခြင်းဖြင့် ကလေးတွေရဲ့ အဆိုးသံသရာလည်မှု ရပ်သွားအောင် လုပ်ပေးရပါမယ်’ ဟု ၎င်းက အကြံပြုပြောကြားသည်။ ‘ကလေးတွေကို အမှားတွေနဲ့ များများ ထိတွေ့ခိုင်းပြီး အမှားတွေကနေ သင်ယူစေခြင်းနည်းနဲ့ ပိုတော်ပိုထက်ပြီး လောကဓံကို ပိုခံနိုင်ရည်ရှိတဲ့ ကလေးတွေ ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်ပါတယ်’ ဟု ၎င်းကစစ်တမ်းကို ကိုးကား၍ ပြောကြားသွားသည်။
သို့ဖြစ်သောကြောင့် မိဘများနှင့် ဆရာများ အနေဖြင့် ကလေးများ၏ စာမေးပွဲ ရမှတ်များကိုချည်း အာရုံစိုက်နေခြင်းထက် ကလေး၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်နှုန်း တက်သထက် တက်လာရေးဘက်တွင် ပိုအာရုံစိုက်သင့်ကြောင်း တိုက်တွန်းလိုပါသည်။ သင်ယူခြင်းဟူသည် အချိန်ယူပြီး လုပ်ရသော အလုပ်တစ်ခုဖြစ်သလို အမှားများနှင့် ထိတွေ့ ဖြတ်ကျော်ရသော အလုပ်လည်း ဖြစ်ကြောင်းကို မိဘများနှင့် ဆရာများ နားလည်ကြဖို့ လိုမည်။
‘စာတော်တဲ့ ကျောင်းသားဆိုတာ လူတော်ပဲဆိုတဲ့ ခေတ်မမှီတော့တဲ့ အတွေးအခေါ်က ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး လမ်းကြောင်းမှာ အတားအဆီးကြီး ဖြစ်နေပါတယ်’ ဟု ၎င်းကပြောသည်။ သို့ဖြစ်သောကြောင့် မိဘများနှင့် ဆရာများအနေဖြင့် သင်ကြားရေးစံနစ်တွင် ကလေးများအား ကျောင်းစာနှင့် ပတ်သက်လျှင် အမှားလုံးဝ မခံဟူသော သင်ကြားပေးနည်းပုံးစံအစား အမှားပါချင်ပါပါစေ စမ်းသပ် လုပ်ကိုင်ကြည့်ခိုင်းတတ်သည့် ပုံစံမျိုးကို ပိုအားပေး သင်ကြားကြရမည် ဖြစ်သည်။
လေ့လာမှုတွင် အသက် ၁၁ နှစ်နှင့် ၁၂ နှစ်အရွယ် ပြင်သစ် ကျောင်းသားကလေးငယ် ၁၁၁ ယောက် ပါဝင်သည်။ သုတေသန ပညာရှင်များသည် ကလေးများအဖို့ မြင့်လွန်းနေသော သင်္ချာပုစ္ဆာများကို ကလေးများအား တွက်ခိုင်းလိုက်သည်။ ပုစ္ဆာများ၏ ခက်ခဲပုံများကိုလည်း ကလေးများအား ပြောပြထားလိုက်သည်။ ကလေးများကို တွက်ခိုင်းရာ တစ်ယောက်မှ မတွက်နိုင်ကြ။
ထိုကလေးများကိုပဲ နှစ်စု ပြန်ခွဲလိုက်သည်။ တစ်စုကို သင်္ချာပုစ္ဆာများ တွက်ခြင်းသည် အမှားများနှင့် နပန်းလုံးရသော ကိစ္စဖြစ်ကြောင်း၊ အမှားကို မကြောက်သင့်ကြောင်း၊ အမှားများကို များများ လုပ်မိလေ အဖြေမထွက်နိုင်သည့် နည်းလမ်းများကို တွေ့ရှိလေဖြစ်ကာ အဖြေထွက်နိုင်သည့် တွက်နည်းများကိုလည်း ဖော်ထုတ်နိုင်လာမည် ဖြစ်ကြောင်း၊ မှားမှာကို ကြောက်ဖို့ မလိုကြောင်းဖြင့် အားပေးသည်။ အသစ်ကို သင်ယူခြင်းဟူသည် အမှားနဲ့ ကျိန်းသေ ကြုံရမည့် ကိစ္စတစ်ခုသာ ဖြစ်ကြောင်း၊ စက်ဘီးစီးသင်သကဲ့သို့ အစပိုင်းတွင် ခဏခဏ လဲမည်ဖြစ်သော်လည်း လဲကျသည်များကို မမှုဘဲ ပြန်ထပြီး များများ လေ့ကျင့်ခြင်းဖြင့် နောက်ဆုံးတွင် စီးတတ်သွားသကဲ့သို့ အသစ်များကို သင်ယူခြင်းသည်လည်း အမှားများကို ကျော်ဖြတ်ခြင်းဖြင့်သာ နောက်ဆုံးတွင် အမှန်ဆီသို့ ရောက်နိုင်မည်ဖြစ်ကြောင်းဖြင့် အားပေးလိုက်သည်။
ဒုတိယအစုရှိ ကလေးများကိုကား မည်သို့မျှ ပြောဆိုခြင်းမပြုဘဲ ဆက်တွက်ခိုင်းကြည့်သည်။ ထိုနှစ်စု၏ ဒုတိယအကြိမ်မြောက် ကြိုးပမ်းမှုကို ထပ်မံ စောင့်ကြည့်သည်တွင် အမှားလုပ်မိမှာကို မကြောက်ဖို့ အားပေးခံရသော ကလေးများသည် ခက်ခဲသော သင်္ချာပုစ္ဆာများကို ဖြေရှင်းရာတွင် ဒုတိယအစုမှ ကလေးများထက် များစွာ သာလွန်တိုးတက်နေကြကြောင်းကို လက်တွေ့ တွေ့ရှိခဲ့ရသည်။ ကလေးများ တိုးတက်ရေးတွင် အောင်မြင်မှုကိုချည်း ရှေးရှုနေခြင်းထက် ကျရှုံးမှုကိုလည်း ရင်ဆိုင်ရဲကာ လဲလျှင် ပြန်ထဆက်ချ ဆိုသော စိတ်ဓာတ်မျိုးကသာ ကလေးများ ဘဝတစ်လျှောက် ရေရှည်တိုးတက်ရေးအတွက် အထောက်အကူပြုသွားမည် ဖြစ်ကြောင်းကို အထက်ပါ ရိုးရှင်းသည့် စမ်းသပ်မှုလေးက ထောက်ပြနေသည်။
ကလေးများ မှားမှာကြောက်သည့်စိတ်ကို နည်းသွားအောင် အားပေးရင်း ကလေးများ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှုန်းများ တက်လာအောင် ပျိုးထောင်ပေးခြင်းနည်းသည် ကလေးများ ပညာရေးသာမက ဘက်စုံတွင်ပါ တိုးတက်မှုရှိအောင် အကောင်းဆုံး ပျိုးထောင်ပေးနည်းဖြစ်ကြောင်း အကြံပြုလိုပါသည်။
Ref: Daily Mail
Ecovision vol. 6, No. 16, 28th Mar 2012
