ယမကာနှင့် မတည့်သော ဆေးများအကြောင်း

by ဆက်ပိုင်လင်းခန့်(ဆေး ၂) @ The Voice weekly Vol 7 / No. 40 –September 19 – 25 , 2011.

အရက်ဟာ ဆေးတော်တော်များများနဲ့ အပြန်အလှန် ဓာတ်ပြုသက်ရောက်မှု(Interaction) ရှိပါတယ်။ အဲဒီ သက်ရောက်မှုကနေ ဘေးဥပါဒ်ဖြစ်စေတဲ့ အာနိသင်တွေ ထွက်လာတာ များပါတယ်။ အင်္ဂလိပ်ဆေးတွေနဲ့သာမက တိုင်းရင်းဆေး အချို့နဲ့လည်း ဒီလို ဆိုးကျိုးမျိုး ရတတ်ပါတယ်။ မိမိရဲ့ ကျန်းမာရေးကြောင့် ဆေးတစ်ခုခု စွဲသောက်နေရသူတွေဟာ အရက်ကြောင့် ဆေးအာနိသင် မရတော့ခြင်း၊ ဘေးထွက်ဆိုးကျိုး ခံစားရခြင်းတွေ မဖြစ်ရအောင် ဒီဆောင်းပါးကို ရေးသားတင်ဆက်ပေးလိုက်ပါတယ်။ အသည်း အဆီဖုံး၊ အသည်းခြောက်၊ လေဖြတ်ခြင်း၊ အသည်းကင်ဆာ စတဲ့ ဆိုးရွားတဲ့ရောဂါတွေ မဖြစ်အောင် အရက်ပုံမှန်သောက်ခြင်း၊ အလွန်အကျွံသောက်ခြင်းတို့ကို လုံးဝရှောင်ကြဉ်နိုင်မယ် ဆိုရင်တော့ အကောင်းဆုံးလို့ ပြောချင်ပါတယ်။

အရက်နဲ့ ဆေးတွေနဲ့ အပြန်အလှန် ဓာတ်ပြုသက်ရောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတစ်ချို့ကတော့ ပျို့တက် အော်ဂလီဆန်ခြင်း၊ အန်ခြင်း(အရက်အလွန်အကျွံသောက်ရင် အန်တတ်ပေမယ့် ဆေးတစ်ခုခုသောက်ပြီး အရက်သောက်သူ နည်းနည်းလေး သောက်ရုံနဲ့ အန်ပြီဆိုရင် ဒါကို သတိထားရပါမယ်) ခေါင်းကိုက်ခြင်း၊ အလွန်အမင်းအိပ်ချင်ခြင်း၊ မေ့လဲကျသွားခြင်း၊ ခန္ဓာကိုယ်ဟန်ချက်နဲ့ အသိတရား ထိန်းချုပ်နိုင်မှု ကင်းလွတ်သွားခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးနဲ့အရက်မတည့်ခြင်း ပိုပြင်းထန်ရင် အသက်အန္တရာယ်အထိ ရှိနိုင်ပါတယ်။ ဒါကြောင့် အရက်နဲ့ မတည့်တဲ့ လူသုံးများသော ဆေးဝါးအချို့နဲ့ သက်ဆိုင်ရာ ဆိုးကျိုးများကို စုစည်းယှဉ်တွဲ ဖော်ပြပေးလိုက်ပါတယ်။ တစ်ပြိုင်နက် တွဲသောက်မှ ယှဉ်တွဲသုံးစွဲတယ်လို့ မခေါ်ပါဘူး။ တစ်ခုရဲ့ အာနိသင် မကုန်သေးခင် နောက်တစ်ခု သောက်တာကို ဆိုလိုပါတယ်။

အရက်နဲ့ယှဉ်တွဲ သုံးစွဲရင် အောက်ပါဆေးများဟာ ဖေါ်ပြပါ ဆိုးကျိုးများ အသီးသီးဖြစ်လာနိုင်ပါတယ်။

(၁)ဓာတ်မတည့်ခြင်း၊ နှာစေးခြင်း စတာတွေမှာ သုံးတဲ့ ဘာမီတွန်(Chlorpheniramine)၊ စီထရင်းလို့ လူသိများတဲ့ Cetirizine, Loratadine, Fexofenadin စတဲ့ ဆေးတွေဟာ မူးဝေအိပ်ချင်မှု ပြင်းထန်ခြင်း၊ ဆေးပမာဏ လွန်ကဲ အဆိပ်သင့်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

(၂)ရင်ဘတ်အောင့် နှလုံးရောဂါရှိသူတွေ အရေးပေါ် လျှာအောက်ငုံဆေး(Isosorbide Nitroglycerin) က သွေးခုန်နှုန်း အလွန်မြန်လာခြင်း၊ သွေးပေါင်ကျခြင်း၊ သတိလစ်မေ့မြောခြင်းတွေ ဖြစ်တတ်ပါတယ်။

(၃)အကိုက်အခဲပျောက်ဆေး တွေကတော့ အစာအိမ်၊ အူသိမ် အနာ(Gastric/ Duodenal Ulcer)တွေ ဖြစ်စေသလို ရှိပြီးသားကိုလည်း ပြန်ထစေပါတယ်။ အသည်းကိုလည်း ထိခိုက်မှု ဖြစ်စေပါတယ်။

(၄)ချောင်းဆိုးပျောက်ဆေးများရဲ့ ဆိုးကျိုးကတော့ နံပါတ် (၁) အတိုင်းပါပဲ။

(၅)သွေးကျဲဆေး(Warfarin)နဲ့ အရက်ဟာ လုံးဝမတည့်ပါဘူး။ ကိုယ်တွင်းသွေးယိုစီးမှုတွေ ဖြစ်နိုင်သလို အရက်ပမာဏများသွားရင် ဆန့်ကျင်ဘက် အာနိသင်အနေနဲ့ သွေးခဲပိတ်လို့ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ရောဂါ ထကြွခြင်း(Heart Attack)ပေါ်လာနိုင်ပါတယ်။

(၆)စိတ်ကျရောဂါ(Depression)ဝင်နေလို့ ဆရာဝန်ပေးသောဆေးများ သောက်နေရင် စိတ်ညစ်လို့ အရက်သောက်တယ် ဆိုတာမျိုး လုံးဝမလုပ်သင့်ပါ။ ဒီဆေးတွေကြောင့် နံပါတ်(၁)က ဆိုးကျိုးတွေအပြင် အဆိုးရွားဆုံးက မျှော်လင့်ချက်မဲ့ စိတ်ဓာတ်ကျခြင်း ခံစားချက် ပိုပြင်းထန်လာစေကာ ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်ပေါ်လာတတ်တာ လေ့လာတွေ့ရှိထားပါတယ်။

(၇)ဆီးချိုရောဂါဆေးများဖြစ်တဲ့ Metformin, Tolbutamide, Glyburide စတာတွေဟာ သွေးတွင်း သကြားဓာတ် ရုတ်တရက် ကျဆင်းစေခြင်း၊ ထို့အတွက် နောက်ဆက်တွဲ ကတုန်ကယင်ဖြစ် သတိလစ်မေ့မြောခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ပျို့/အန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးပေါင် အတက်အကျ ရုတ်တရက်ဖြစ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

(၈)အစာအိမ်နာ အူသိမ်နာတွေ အတွက် သုံးတဲ့ Ranitide, Cimetidine, Nizatidine စတဲ့ဆေးတွေနဲ့ မက်ဇလွန်လို့ လူသိများတဲ့ အပျို့အအန်ပျောက်ဆေး Metoclopramide ဟာ နှလုံးခုန်မြန်ခြင်း၊ ရုတ်တရက် သွေးပေါင် အတက်အကျဖြစ်ခြင်း၊ အရက်ရဲ့ အာနိသင်ကို ပိုဆိုးစေခြင်း စတာတွေ ဖြစ်စေပါတယ်။

(၉)သေးတိုးကျဆေးများ ဖြစ်တဲ့ Hydralyzine, Enalapril, Thiazide, Lorsatan, Prazosin စတာတွေဟာ မူးဝေခြင်း၊ ငိုက်မြည်းခြင်း၊ သတိလစ်ခြင်း၊ ပုံမှန်နှလုံးခုန်နှုန်း ပျောက်ဆုံး၍ နှေးလိုက်မြန်လိုက်ဖြစ်ခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီအနေအထားဟာ arrhythmia လို့ခေါ်ပြီး အန္တရာယ်ရှိပါတယ်။

(၁၀)သွေးတွင်း ကိုလက်စထရောများလို့ ညဖက်တစ်လုံး သောက်ရလေ့ရှိတဲ့ Statin အုပ်စုဝင်ဆေးများဟာ အရက်နဲ့ ယှဉ်တွဲမိသွားရင် အသည်းထိခိုက်ခြင်း၊ ယားယံခြင်း၊ အစာအိမ်ထိခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

(၁၁)ပဋိဇီဝဆေး(အရပ်အခေါ် ပိုးသတ်ဆေး)တွေဟာ အုပ်စုများစွာ ရှိပါတယ်။ အဲဒီအထဲကမှ တီဘီရောဂါမှာ သောက်တဲ့ Isoniazid, Rifampicin စတဲ့ဆေးများ၊ မက်ထရို Meronidazole၊ မှိုရောဂါဆေး Ketokonazolr စတဲ့ ဆေးများအပါအဝင် ပဋိဇီဝဆေး အတော်များများဟာ အရက်နဲ့တွေ့ရင် ဆိုးရွားတဲ့ ဓာတ်မတည့်ခြင်း လက္ခဏာတွေ ပေါ်လာစေပါတယ်။ မက်ထရိုကတော့ အဆိုးဆုံးပါပဲ။ ဒါ့အပြင် ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း၊ ခေါင်းကိုက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

(၁၂)ပျို့အန်ခြင်း၊ ကားမူးခြင်း တို့မှာ သောက်ရတဲ့ဆေး Meclizine, Dimenhydrinate တို့ဟာ မူးဝေအိပ်ချင်မှု ပြင်းထန်ခြင်းတွေ ဖြစ်စေပါတယ်။ Dimenhydrinate ဟာ အဝေးပြေးကားဂိတ်တွေက ဈေးသည်လေးတွေ ကားမူးပျောက်ဆေးလို့ လိုက်ရောင်းနေတဲ့ ပလတ်စတစ်အကြည်လေးတွေနဲ့ ပါကင်ပိတ်ထားသော အဝါရောင်ဆေးလေးတွေ ဖြစ်ပါတယ်။

(၁၃)အတက်ရောဂါရှိလို့ Phenytoin, Phenobarbital အုပ်စုဝင်ဆေးများ သောက်နေရရင် အရက်ကို ရှောင်ရပါမယ်။ အတက် အကြိမ်အရေအတွက် ပိုစိပ်ခြင်း၊ မူးဝေအိပ်ချင်ခြင်း စတာတွေ ပြင်းထန်စွာ ပေါ်လာတတ်ပါတယ်။

(၁၄)ဒါ့အပြင် အိပ်ဆေးများ အားလုံးဟာ အရက်နဲ့တွေ့ရင် နှစ်ခုလုံးရဲ့ အာနိသင်ကို ပိုဆိုးစေပြီး မူးဝေ အိပ်ပျော်၊ အသက်ရှုရပ်တဲ့ အထိ ဖြစ်စေနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။

(၁၅)တိုင်းရင်းဆေး တစ်ချို့ဟာလည်း အရက်နဲ့ မတည့်ကြပါဘူး။ တိုင်းရင်းဆေးအချို့ကို အရက်နဲ့တွဲသောက်တဲ့ အလေ့ရှိတာနဲ့ တိုင်းရင်းဆေးတိုင်း အရက်နဲ့ တည့်တယ်လို့ မဆိုလိုပါဘူး။ ဒါကြောင့် အရက်နဲ့သောက်လို့ရတယ်လို့ သက်ဆိုင်ရာ တိုင်းရင်းဆေး ကျွမ်းကျင်သူက ထောက်ခံချက်မပေးသောဆေးများကို အရက်နဲ့ တွဲသောက်ခြင်းရှောင်ကျဉ်ပါ။

အချုပ်ပြောရရင် ဆေးဝါးအများစုဟာ အရက်နဲ့ အပြန်အလှန် ဓာတ်ပြုတတ်ကြပြီး မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးကိုပဲ ပေးတတ်ကြတာများလို့ ဆေးသောက်ခြင်းနဲ့ အရက်သောက်ခြင်းနှစ်ခု တွဲလုပ်ခြင်းဟာ မသင့်ပါဘူး။ ကိုယ်သောက်နေတဲ့ဆေးနဲ့ အရက်နဲ့ ဘယ်လို ဆက်စပ်မှု ရှိသလဲဆိုတာ ပေးတဲ့ဆရာဝန်ကို မေးပါ။ အကြမ်းဖျင်းတော့ အရက်နဲ့ ဆေးတိုင်းကို အနည်းဆုံး ၁၂ နာရီလောက် ခြားသင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>